Monday, April 22, 2013
မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများကို အိန္ဒိယနိုင်ငံက အားသွန်ခွန်စိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး သတင်းနည်းပညာ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေး၊ စိုက်ပျိုးရေး ကဏ္ဍများတွင် အဓိက ဆောင်ရွက်သွားမည်ဟု အိန္ဒိယ အခြေစိုက် Hindustan Times သတင်းစာကြီး၌ တနင်္လာနေ့က ရေးသားထားသည်။
အိန္ဒိယနိုင်ငံအတွက် အဓိက အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အရှေ့တောင်အာရှနိုင်ငံများအနက် ကုန်းမြေချင်း ဆက်စပ်နေသည့် တခုတည်းသော နိုင်ငံလည်းဖြစ်သော မြန်မာနိုင်ငံသို့ ဆောင်ရွက်ပေးမည့် လုပ်ငန်းများ ထဲတွင် မြန်မာ သတင်းနည်းပညာ တက္ကသိုလ် (MIIT) တခု တည်ထောင်ရေးလည်း ပါဝင်သည်။
ထိုလုပ်ငန်းအတွက် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကြံပေး အရာရှိ အက်စ်ရာမာဒိုရွိုင်း (S Ramadorai) က ဦးဆောင်ပြုလုပ်သွားမည် ဖြစ်သည်။
လယ်ယာကဏ္ဍအတွက်မူ မြန်မာနိုင်ငံတွင် စပါးဇီဝ နည်းပညာဥယျာဉ် (Rice Bio Park) တခု တည်ထောင်ရာ တွင် အကူအညီပေးရန် စိုက်ပျိုးရေးသိပ္ပံပညာရှင် အမ်အက်စ်ဆွာမိနသန် (M.S.Swaminathan) က ဦးဆောင်ပြုလုပ်မည် ဖြစ်သည်။
ထို့ပြင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖာလာစေ့ စိုက်ပျိုးရေးလုပ်ငန်းလည်း အိန္ဒိယက ဆောင်ရွက် သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် ခန့်ထားမည့် ဂေါတမ်မူခိုးပါဒရေး (Gautam Mukhopadhyay) သည်လည်း ထိုသို့ အရည်အချင်းမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်သူ ပါရဂူတဦး ဖြစ်သည်ဟု သတင်းစာကြီးက ရေးသားထားသည်။ ၎င်းမှာ ယခင်က အာဖဂန်နစ္စတန် နိုင်ငံတွင် အလားတူ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယခုကဲ့သို့ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် ကနဦး ခြေလှမ်းများ လှမ်းနေချိန်၊ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွါးများ မြင့်မားစွာ ရှိနေချိန်တွင် သူက ထိုသို့အရေးပါသော ရာထူးကို ထမ်းရွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယ-မြန်မာဆက်ဆံရေးတွင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
အိန္ဒိယ-မြန်မာ စက်မှုသင်တန်း ဗဟိုဌာနကို HMT(I) က ပခုက္ကူတွင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ဒုတိယ ဗဟိုဌာနတခုကို မြင်းခြံမြို့တွင် ထပ်မံဖွင့်လှစ်မည် ဖြစ်သည်။
အခြား ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များမှာ အိန္ဒိယ အကူအညီဖြင့် ဆောင်ရွက်မည့် မြန်မာ-အိန္ဒိယ အင်္ဂလိပ်ဘာသာ ဗဟိုဌာန (MICELT)၊ မြန်မာ-အိန္ဒိယ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေး ဗဟိုဌာန (MIEDC) နှင့် အိန္ဒိယ-မြန်မာ သတင်းနည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေး လုပ်ငန်း (IMCEITS)တို့ ဖြစ်ကြ သည်။
သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် တကြိမ်နှင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလတွင် တကြိမ် အိန္ဒိယနိုင်ငံသို့ လာရောက်ပြီး နိုင်ငံ့ခေါင်းဆောင်ချင်း ဆွေးနွေးပွဲများအပြင် စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ သုတေသနဌာနများသို့လည်း သွားရောက်လေ့လာခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၂ ခုနှစ်၊ နိုဝင်္ဘာလအတွင်းက အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် နည်းပညာသိပ္ပံများနှင့် သုတေသနဌာနများသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ မေလကုန်ပိုင်းကလည်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။ ထို့ပြင် အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်၍လည်း ပြန်ဆပ်ရမည့် ကာလကို နောက်ဆုတ် ပေးရန် သဘောတူညီနိုင်ခဲ့ကြသည်။
Mizzima - News in Burmese
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment